အိုစမာဘင်လာဒင်၏ အသံဖြင့်တိုက်တွန်းချက် အင်တာနက်တွင်ထွက်ပေါ်လာ

.


.

အိုစမာဘင်လာဒင်၏ အသံဖြင့်တိုက်တွန်းချက် အင်တာနက်တွင်ထွက်ပေါ်လာ

အယ်လ်ကေးဒါး အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်သည် ဆိုမာလီယာမှ စစ်သွေးကြွများအား လက်ရှိအစိုးရသစ်နှင့် အမေရိကန်နိုင်ငံတို့ကို ဆန့်ကျင်ဖြုတ်ချရန် ဆော်ဩလိုက်သည်။ မတ်လ(၁၉)ရက်နေ့က (၁၁)မိနစ်ခွဲစာမျှ အသံသွင်းထားသည့် တိပ်ခွေတစ်ခုကို အင်တာနက်တွင် လွှင့်တင်ပြီး ရွေးကောက်ခံ သမ္မတ ရှိတ်ခ်ရှာရစ်ဖ်ရှိတ်ခ် အာမက်ကို ဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။ ထိုတိပ်ကြောင့်ပင် အာဖရိကရှိ မင်းမဲ့စရိုက် အကြီးမားဆုံး နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာက မှတ်ယူထားသည့် ဆိုမာလီယာနိုင်ငံ၏ အစိုးရအတွက် ထိတ်လန့်စရာ ဖြစ်လာခဲ့သည်။ အာမက်သည် ဇန်န၀ါရီလကမှ အာဏာရလာခဲ့သူုဖြစ်ပြီး အစိုးရအဖွဲ့ အင်အားပိုမို တောင့်တင်းလာစေရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် စတင်ကြိုးပမ်းလာနေသူဖြစ်သည်။ အာမက်မတိုင်မီက ဆိုမာလီအစိုးရများသည် မြို့တော်မိုဂါဒစ်ရှူးနှင့် ပတ်ဝန်းကျင်ဒေသတွင်သာ ဩဇာရှိပြီး တစ်နိုင်ငံလုံးကိုမူ မွတ်ဆလင်စစ်သွေးကြွများက ထိန်းသိမ်းထားသည်။ မျှတသော အမြင်ရှိသည့် အာမက်သည် ထိုအခြေအနေကို ပြောင်းပြန်လှန်ရန် အားထုတ်လျက်ရှိပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ရန် စဉ်းစားလျက်ရှိရာ ဘင်လာဒင်က အာမက်သည် မွတ်ဆလင်ဘာသာကို သစ္စာဖောက်ဖျက်သူဟူ၍ စွပ်စွဲပြောကြားလိုက်သည်။

ဘင်လာဒင်၏ အယ်လ်ကေးဒါး မွတ်ဆလင်စစ်သွေးကြွ အဖွဲ့များသည် ကုလသမဂ္ဂ ယာဉ်တန်းများကို ဦးတည်တိုက်ခိုက်လေ့ရှိသလို နိုင်ငံခြားသားများအား မျက်မုန်းကျိုးလျက်ရှိရာ အာမက်၏ အားထုတ်မှုများကို မည်သို့မျှ လက်မခံနိုင်ဘဲ ဖြစ်နေကြသည်။ ဘင်လာဒင်၏ အသံသွင်းတိပ်ခွေတွင် ရဲရင့်သော မွတ်ဆလင် စစ်သည်တော်များအနေနှင့် ကင်ညာနိုင်ငံမှ အမေရိကန်တပ် စောင့်ရှောက်နေသော ကုလသမဂ္ဂ ဒုက္ခသည်စခန်းကိုပါ တိုက်ခိုက်ရန် နှိုးဆော်ထားသည်။ ဘင်လာဒင်က အာမက်သည် အသားထဲကလောက်ပင်ဖြစ်ပြီး မွတ်ဆလင်တို့အား နောက်ကျောက ဓားနှင့်ထိုးမည့်သူဟု ပြောကြားထားသည်။ ဆိုမာလီအစိုးရအနေနှင့် ဘင်လာဒင်၏ တိပ်ခွေအရေးကို အထူးသတိပြုနေပြီး (၁၇)နှစ်ကြာမျှ ဖြစ်ပွားနေခဲ့သော နိုင်ငံတွင်း အရှုပ်အထွေးများ ပိုမိုဆိုးရွားလာမည်ကို ကြောက်ရွံ့လျက်ရှိသည်။ အမေရိကန်သည် ဆိုမာလီရှိ စစ်သွေးကြွများကို တိုက်ခိုက်နှိမ်နင်းရန် (၁၉၉၀)က ထိုနိုင်ငံအတွင်း လာရောက် တပ်စခန်းချခဲ့ဖူးပြီး (၁၉၉၃)ခုနှစ်က ဆင်နွှဲခဲ့သည့် Black Hawk Downတိုက်ပွဲအတွင်း အမေရိကန်စစ်သည် (၁၈)ဦးနှင့် ဆိုမာလီစစ်သွေးကြွ ရာနှင့်ချီမျှ သေကြေပျက်စီးခဲ့သည်။ အသံသွင်းတိပ်ခွေအတွင်း ဘင်လာဒင်က "ဆိုမာလီ၏ စစ်မှန်သော သားကောင်းရတနာများသည် တိုက်ပွဲဝင်ရန် အဆင်သင့်ရှိနေကြပါ"ဟု နှိုးဆော်ထားပြီး အမေရိကန်အစိုးရက ဆိုမာလီတွင် အယ်လ်ကေးဒါးတို့ ဩဇာကြီးမားလာမှုကို ဂရုတစိုက် လေ့လာလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

0 comments: