မြေပုံများအတွင်း မှုန်ဝါးပျောက်ဆုံးနေသော လျှို့ဝှက်နေရာလေး တစ်ခုမှ သက်ရှိမျိုးစိတ်အသစ်များကို Google Earthအကူအညီဖြင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထူထပ်သိပ်သည်းသော တောကြီးများကို ထိုးဖောက်ကာ သုတေသန ပြုလုပ်ရန် အခက်အခဲများ ရှိနေတတ်သော အခြေအနေများသည် ဒီဂျစ်တယ်လ်ခေတ်ကြီးတွင် နေလာနှင်းကဲ့သို့ လွင့်စင်ပပျောက်ခဲ့ပြီဖြစ်သည်။ မိုဇင်ဘစ်နိုင်ငံအတွင်း တောနက်တစ်ခုကို Google Earthအသုံးပြု ထောက်လှမ်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက် မျိုးစိတ်သစ် တိရစ္ဆာန်များစွာ တွေ့ရှိခဲ့ရကြောင်း ဇီဝဗေဒ ပညာရှင်အဖွဲ့တစ်ဖွဲ့က ထုတ်ဖော်ကြေငြာခဲ့သည်။
(သက်ရှိမျိုးစိတ်အသစ်များ တွေ့ရှိရသည့် တောတွင်းတစ်နေရာ)
ပညာရှင်များ မှတ်တမ်း မပြုစုရသေးသည့် အဆိုပါ တောင်ပေါ်ဒေသလေးကို Google Earthနှင့် ရှာဖွေမှုများ ပြုလုပ်စဉ် သတိထားမိခဲ့သော ဗြိတိသျှ သုတေသန ပညာရှင် အဖွဲ့တစ်ဖွဲ့သည် အာဖရိကတောင်ပိုင်း စိမ်းလန်းသာယာသော နေရာလေးဆီ အရောက်လှမ်းခဲ့ကြသည်။ ဂြိုဟ်တုရှာဖွေရေး ၀န်ဆောင်မှုအဖြစ် Googleက လွှင့်တင်ထားသော Google Earth၏ အကျိုးကျေးဇူးကို အဆိုပါ ဗြိတိသျှ ပညာရှင်များအဖို့ မျက်ဝါးထင်ထင် တွေ့ကြုံခံစားခဲ့ရပြီး မှတ်တမ်းမတင်ရသေးသော အရောင်အသွေး စုံလင်လှသည့် ကျေးငှက်များ၊ Gaboonဟု အမည်ပေးထားသော မြွေပွေးတစ်မျိုးအပါအ၀င် ကြီးမားသော မြွေကြီးများ၊ တွားသွားသတ္တ၀ါ မျိုးစိတ်အသစ်များ၊ ယခင်က မတွေ့မမြင်ဖူးသော သစ်ခွမျိုးစိတ်များ၊ ရှာဖွေတွေ့ရှိပြီးသော်လည်း ကမ္ဘာ့ရှားပါး တိရစ္ဆာန်စာရင်းတွင် ထည့်သွင်းထားသော ငှက်များကို တွေ့မြင်ခဲ့ရသည်ဟု အဖွဲ့ခေါင်းဆောင် ဂျိုနသန် တင်းဘားလိတ်က ပြောကြားသွားသည်။
(ရှာဖွေတွေ့ရှိသည် မျိုးစိတ်သစ်အချို့)
အချို့နေရာများတွင် အမြင့်ပေ (၁၅၀)ကျော်သော သစ်ပင်ကြီးများ ပေါက်ရောက်နေသော ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၅၄၀၀)မြင့်သော မာဘူတောင် ပတ်ဝန်းကျင်ဒေသကို ဗြိတိန်ပညာရှင်များ ဦးဆောင်ကာ မိုဇင်ဘစ်၊ မော်လ၀ီ၊ ဆွီဒင်နှင့် တန်ဇန်းနီးယားတို့မှ သိပ္ပံပညာရှင်များ အပါအ၀င် သုတေသီ (၂၈)ဦးက သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထိုနေရာအကြောင်း မည်သူမျှ မသိခဲ့ပါဟု တင်းဘားလိတ်က ၀န်ခံသည်။ Google Earth၏ ကျေးဇူးကြောင့်သာ (၂၇)စတုရန်းမိုင် အကျယ်အ၀န်းရှိသော အဆိုပါ သီးခြားဒေသလေးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း တင်းဘားလိတ်ကဆိုသည်။
(ဇီဝဗေဒပညာရှင်များ၏ အခြေစိုက်စခန်း)
၎င်းတို့တွေ့ရှိခဲ့သည့် မျိုးစိတ်သစ်များအနက် အပင်များ၊ ငှက်များနှင့် အင်းဆက်ပိုးမွှားများသည် အရေအတွက် အများပြားဆုံးဖြစ်ကြောင်း တင်းဘားလိတ်က ရှင်းပြခဲ့သည်။ အဆိုပါဒေသသည် လူသူအနှောင့်အယှက် ကင်းဝေးမှုနှင့်အတူ ထူးခြားလျှို့ဝှက်သော သားရိုင်းတိရစ္ဆာန် အများအပြား ငြိမ်းချမ်းစွာ ခိုအောင်းလျက်ရှိကြောင်း၊ ထိုကဲ့သို့သော ပျောက်ဆုံးနေသည့် ကမ္ဘာငယ်လေးအား ရှာဖွေတွေ့ရှိနိုင်အောင် Google Earthက ကူညီခြင်းဖြင့် သားရိုင်းတိရစ္ဆာန်များဆိုင်ရာ သုတေသန လုပ်ငန်းစဉ်များအတွက် များစွာ အကျိုးဖြစ်ထွန်းစေခဲ့ပါကြောင်း တင်းဘားလိတ်က ထုတ်ဖော်ချီးကျူးသွားသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment