မြန်မာနေးရှင်း အယ်ဒီတာ ဦးသက်ဇင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

.

နန်းဒေ၀ီ
တနင်္လာနေ့၊ ဒီဇင်ဘာလ 01 2008 19:14 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ဖမ်းဆီးထိန်းသိမ်းထားသည့် မြန်မာနေးရှင်း အယ်ဒီတာ ဦးသက်ဇင်ကို သင်္ကန်းကျွန်းမြို့နယ် တရားရုံးက ပြီးခဲ့သည့် သောကြာနေ့တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။

အပတ်စဉ်ထုတ် မြန်မာနေးရှင်း ဂျာနယ်တိုက်၏ အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် ရုံးအုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမောင်တို့အား ပုံနှိပ်အက် ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခြင်း ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ ဂျာနယ်တိုက်ရုံးခန်းသို့ အာဏာပိုင်များက

ဝင်ရောက်ရှာဖွေပြီးနောက် သူတို့နှစ်ဦးပါ ဖမ်းဆီးခဲ့သည်။

ရှာဖွေစစ်ဆေးမှုအတွင်း သူတို့ထံက မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာပီညဲရိုး၏ မြန်မာဘာသာပြန် အစီရင်ခံစာ၊ စက်တင်ဘာ သံဃာတော်ဆန္ဒပြပွဲ စီဒီချပ်တချပ်၊ ရှမ်းအမျိုးသား ခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအုန်း ရေးသားသည့် "မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့" အစရှိသည့် စာအုပ်များကို အာဏာပိုင်များက သိမ်းဆည်းသွားခဲ့သည်။

နောက်တရက်၌လည်း ရုံးခန်းအတွင်း ထပ်မံ ရှာဖွေမှုများ ပြုလုပ်ခဲ့သေးသည်။

စာနယ်ဇင်းသမားများနှင့် နိုင်ငံရေးလှုပ်ရှားသူများကို ယခုလို ပြင်းထန်သည့် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းအပေါ် ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား စာနယ်ဇင်းသမားများအဖွဲ့ RSF နှင့် မြန်မာသတင်းသမဂ္ဂ BMA က တုန်လှုပ်ရကြောင်း စီရင်ချက်ချသည့်နေ့တွင် ပူးပေါင်းထုတ်ဝေသည့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

BMA အတွင်းရေးမှူး ဦးစံမိုးဝေက "အခုလို စာနယ်ဇင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ် ချလိုက်တာဟာ အရုပ်ဆိုး အကျည်းတန်ပါတယ်။ စစ်အစိုးရရဲ့ ပုံရိပ်ကို ဖော်ပြတာပဲ။ စာနယ်ဇင်းသမားတွေကို မပြောရဲ၊ မဆိုရဲအောင် လုပ်နေတာဖြစ်တဲ့အပြင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဟာ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူး" ဟု ပြောသည်။

စီရင်ချက်ချသည့် သောကြာနေ့ကပင် ရန်ကုန်ရှိ ဆယ်ကျော်သက်မဂ္ဂဇင်းမှ စာရေးဆရာမ လေးလေးမွန် (ခ) ဖူးငုံ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင် ၁၃ ဦးအား အင်းစိန်ထောင်တွင်း တရားရုံးများက ထောင်ဒဏ် ၃ နှစ်မှ ၆ နှစ်အထိ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း နာဂစ်လေဘေး ဒုက္ခသည်အရေး လိုက်လံသတင်းယူသူ Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးအား တာမွေတရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချသည့်အပြင်၊ ဟာသ သရုပ်ဆောင် ဇာဂနာ ထောင်ဒဏ် ၅၉ နှစ်နှင့် ဘောလုံး သတင်းဆောင်းပါး ရေးသားသူ ကိုဇော်သက်ထွေးအား အီလက်ထရောနစ် အက်ဥပဒေဖြင့် ၁၉ နှစ် ပြစ်ဒဏ်ချခဲ့သည်။

ယခုနှစ်အတွင်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည့် မြန်မာစာနယ်ဇင်းသမားမှာ ၁၀ ဦးထက်မနဲ ရှိနေသေးကြောင်း RSF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

0 comments: