
၂၀၀၈ခုနှစ်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ပုံဆုဖြစ်သည့် Windland Smith Riceဆုကို ရရှိခဲ့သော ဓာတ်ပုံဖြစ်သည်။ သမုဒ္ဒရာဝန်းကျင်ဆိုင်ရာ ဓာတ်ပုံအရေအတွက် (၂၀၀၀၀)ကျော်အနက်မှ ရွေးချယ်ခံရသော ပုံလည်းဖြစ်သည်။ ဘဟားမားသို့ အလည်အပတ် ခရီးထွက်ရင်း ဆီတယ်လ်မြို့သား အသက်(၅၄)နှစ်အရွယ် ဘရုစ်ရိတ်စ်က ရိုက်ကူးခဲ့သော ပြုံးနေသည့် ငါးမန်းတစ်ကောင်၏ ဓာတ်ပုံဖြစ်သည်။ ရိတ်စ်က ၎င်းနှင့် ဇနီးသည်တို့သည် ဘဟားမားသို့ အပျော်ခရီးထွက်ရင်း ငါးမန်းများကြား ရေငုပ်ရသည့် အတွေ့အကြုံကို ကျေနပ်ပျော်ရွှင်ခွင့် ရခဲ့ကြောင်း၊ ယခုပုံသည် (၈)ပေအရှည်ရှိ ငါးမန်းတစ်ကောင်က ၎င်း၏ကင်မရာနှင့် လက်မအနည်းငယ် အကွာသို့ တိုးဝင်လာစဉ် ရိုက်ယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ Lemon Sharkဟု ခေါ်သော အဆိုပါ ငါးမန်းမျိုးသည် လူကိုအန္တရာယ် ပြုတတ်သော အလေ့အကျင့်မျိုး မရှိဘဲ ထိုငါးမန်းအုပ်များ ကျင်လည်ကျက်စားရာ ဘဟားမား ပင်လယ်အနီးတွင် ကမ္ဘာလှည့်ခရီးသည်များ အပျော်တမ်း ရေငုပ်လေ့ရှိကြသည်။
ရိတ်စ်က ၎င်းအနေနှင့် အပျော်သက်သက်သာ ရည်ရွယ်ခဲ့ပြီး ယခုကဲ့သို့ ဆုရဓာတ်ပုံများ သွားရိုက်ရန် ထိုခရီးကို စီစဉ်ခဲ့ခြင်းမဟုတ်ကြောင်း ၀န်ခံခဲ့သည်။ ၎င်းသည် လှေအနီးတွင် ဒါဇင်များစွာသော Lemon Sharkငါးမန်းများ ၀ိုင်းရံလာပြီး ၎င်းတို့ကျွေးသည့် ငါးသေးသေးလေးများကို စားသောက်နေသည့်အချိန်ကို အလွန်သဘောကျကြောင်း ရိတ်စ်ကဆိုသည်။ ရိတ်စ်အနေနှင့် ထိုဓာတ်ပုံအား (၁၅)မီလီမီတာ မှန်ဘီလူးဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည်။ ငါးမန်းအနေနှင့် အစာစားရန်သာ ရည်ရွယ်ခဲ့သော်လည်း ၎င်း၏ပါးစပ်များက ပြုံးနေသည့်ဟန် ပေါ်လွင်နေခြင်းကြောင့် ယခုဓာတ်ပုံကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်နိုင်ကြောင်း ရိတ်စ်က ထင်ကြေးပေးခဲ့သည်။ Lemon Sharkငါးမန်းများသည် အမေရိကန်၊ ဘရာဇီးလ်၊ ကာရေဘီယန်နှင့် မက္ကစီကိုပင်လယ်ကွေ့ ရေပြင်များအတွင်း လွတ်လပ်စွာ ကျက်စားလေ့ရှိကြပြီး ၎င်းတို့၏ ကြီးမားသော သွားများနှင့် မတော်တဆ ထိခိုက်မိသောကြောင့် ဒဏ်ရာရဖူးသူဦးရေ (၁၀)ယောက်ခန့် ရှိခဲ့သော်လည်း လူကိုဦးတည် တိုက်ခိုက်သတ်ဖြတ်မှုမျိုး တစ်ကြိမ်မျှ မရှိခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment